EN / MM
သဘာဝတရား၏စွမ်းအင်ကိုရှူရှိုက်ရာ
ကျေးလက်VILLAအိမ်
ရင်းနှီးဖော်ရွေတဲ့ ကျေးလက်ဒေသက ဒီအိမ်လေးက ခေါင်ယိုင်အမျိုးသားဥယျာဉ်ရဲ့ စိမ်းမြမြသစ်တောတွေနဲ့ ကြံခင်းတွေရဲ့ရှုမြင်ကွင်းနဲ့ ပနံတင့်နေပါတယ်။
Moderndog ဂီတအဖွဲ့ရဲ့အဆိုတော်/သီချင်းရေးသူဖြစ်တဲ့ “ပေါ့ဒ်”ထနာချိုင်အော့ဂျင်က နားခိုရာအိမ်လို့ခေါ်တဲ့ ဒီအိမ်က နံနက်ခင်းတွေမှာ မြူနှင်းတွေရစ်သိုင်းနေတတ်တဲ့ တောင်ရှုခင်းလေးထဲမှာ တည်ရှိနေတာပါ။
သူရဲ့အနှစ်သက်ဆုံးနေရာက အိမ်အပြင်ဘက် ကပြင်နေရာကျယ်ဖြစ်ပြီး လသာညတွေမှာ နံနက် ၂နာရီလောက်ထိ ထိုင်နေချင်တဲ့နေရာဖြစ်ပါတယ်။ သဘာဝတရားက သူရဲ့အိမ်တံခါးပေါက်ဝမှာတင်
ရှိနေတာ အသေအချာပါပဲ။
မော်ဒန်အပူပိုင်းဒေသဗိသုကာရဲ့ဝိသေသလက္ခဏာအနေနဲ့ အိမ်ကလင်းထင်းကျယ်ဝန်းပြီး လေဝင် လေထွက်ကောင်းတဲ့ပုံစံဖြစ်ပါတယ်။ အိမ်ရှင်တွေက ထိုင်းကျောင်းတော်တွေလို ဆိတ်ငြိမ်အေးချမ်းရာနေရာ လေးကို ဖန်တီးချင်တာဖြစ်ပါတယ်။ Erix Design Conceptsက နက်တာပက်ဖတနာပရုမ်ချိုင်ရဲ့ ဖန်တီးမှုဖြစ် ပြီး ပစ္စည်းတွေအနည်းပါးဆုံးနဲ့ ရှင်းလင်းနေတဲ့ ဒီအိမ်လေးကို “Villa Sati”လို့အမည်ပေးထားပြီး အဓိပ္ပာယ် အားဖြင့်တော့ “သတိနေအိမ်”၊ သိရှိနိုးကြားမှုနဲ့တစ်စုံတစ်ဦးရဲ့ပတ်ဝန်းကျင်ကို သတိပြုမိမှုဆိုတဲ့အခြေအနေ ဆိုတာကို ဖော်ပြနေတဲ့အိမ်လို့ ဆိုလိုတာဖြစ်ပါတယ်။

လရောင်ဖြာကျနေပြီး ကြယ်ရောင်စုံတောက်ပနေတဲ့မိုးကောင်းကင်ထိစပ်နေတဲ့အိမ်ခေါင်မိုးက အိမ် အပြင်ဘက်မှာရှိတဲ့ ကပြင်နေရာတလျှောက်မိုးကာပေးထားပြီး ဒီကပြင်နေရာက လမ်းလျှောက်တရားမှတ် ဖို့ရာအတွက် အကောင်းဆုံးဖြစ်ကာ အဆိုတော်နဲ့သူရဲ့အမေတို့ မိသားစုအတူတကွလုပ်ဆောင်လေ့ရှိတာ ဖြစ်ပါတယ်။ သူရဲ့သုခဘုံလေးကိုမျှဝေရင်းကနေ ပေါ့ဒ်က “ဒီကိုပြောင်းလာပြီးတဲ့နောက်ပိုင်း နေ့ဘက်တွေ မှာ အချိန်တွေပိုများလာသလို ခံစားရပါတယ်။ နံနက်အစောထပြီးပြေးတယ်၊ စာဖတ်တယ်၊ သီချင်းတွေ နားထောင်ပြီး သီချင်းတွေရေးဖြစ်တယ်” လို့ ဆိုပါတယ်။

သူတို့ရဲ့ကျေးလက်အပန်းဖြေစံအိမ်လေးက ရိုးရှင်းပြီးအေးချမ်းသာယာတဲ့ဘ၀လေး ဖန်တီးပေးပါ တယ်။ ဒီအိမ်မှာ အဆိုတော်နဲ့သူရဲ့အမေက သူတို့ဝါသနာပါရာဖြစ်တဲ့ အနုပညာဖန်တီးမှုအတွက် အချိန်တွေ အများကြီး ရပါတယ်။ အိမ်ရဲ့အဆောက်အအုံပုံစံက ကောင်းစွာစဉ်းစားထားတဲ့ပုံစံဖြစ်ပါတယ်။ ခေါင်မိုးရဲ့ မြင်းမိုရ်ပိတ်ဒီဇိုင်းက အိမ်အပြင်ဘက်ကပြင်နေရာနဲ့ အကောင်းဆုံးဖြည့်စွက်မှုအဖြစ် သက်သေပြနေပြီး ကျယ်ပြန့်ပွင့်လင်းတဲ့ ကြမ်းခင်းပုံစံကလည်း သဘာဝအလင်းရောင်ပိုရစေပြီး အပြင်ဘက်နေရာတွေကို အိမ် ထဲထိဆောင်ကြဉ်းလာတဲ့ ကျက်သရေရှိတဲ့ပုံစံဖြစ်ပါတယ်။

အိမ်ရှေ့တံခါးကနေဝင်လာလိုက်မယ်ဆိုရင် လိပ်ပြာပုံစံခွေးခြေခုံတစ်လုံးကို မြင်တွေ့မှာဖြစ်ပြီး ဒါ က ၁၉၅၄ ခုနှစ်က ဆိုရီယာနာဂီရဲ့ ဂျပန်စက်မှုဒီဇိုင်းလက်ရာပုံစံတစ်ခုပဲဖြစ်ပါတယ်။ ကွင်းပြင်ကိုမြင် တွေ့နေရတဲ့ အိပ်ခန်းကတော့ ညာဘက်ခြမ်းမှာတည်ရှိပါတယ်။ အရှေ့တောင်လေဝင်နိုင်စေဖို့ အိမ်ရဲ့အစွန် ဆုံးဘက်နေရာ ကိုဖွင့်ထားပေးတာကိုတွေ့ရပြီး တစ်အိမ်လုံးကိုလေဝင်လေထွက်ကောင်းစေမယ့် နည်းလမ်း ကောင်းဖြစ်ပါတယ်။ ဒီနေရာကနေပြီးတော့ အနောက်ဘက်က ကြံတောနဲ့တောင်တွေအထပ်လိုက်ရှိနေတဲ့ ရှုခင်းကိုမြင်ကွင်းအပြည့်နဲ့မြင်တွေ့ခံစားနိုင်ပါတယ်။

လေထဲလွင့်နေပုံမျိုး ထုထည်သေးငယ်တဲ့ပရိဘောဂက ကျယ်ပြောတဲ့နေရာတွေမှာ နယ်မြေဇုန်လေး တွေအဖြစ် အလွယ်တကူပိုင်းကန့်ပေးသလိုဖြစ်စေပြီး အခန်းထဲဝင်ထွက်သွားလာမှု ချောမွေ့လွယ်ကူစေဖို့ ဖန်တီးပေးပါတယ်။ USMက မော်ဂျူလာဘီရိုခန်းတွေကလည်း ပေါ့ဒ်ရဲ့အမေရေးဆွဲထားတဲ့ ပန်းချီကားတွေ နဲ့ ထယ်ပါဗစ်ရဲ့စိတ္တဇပန်းချီကားချိတ်ဆွဲထားရာ နံရံတလျှောက်ရဲ့ဘေးဘက်က ထင်ရှားပေါ်လွင်မှု အရှိဆုံး တည်နေရာမှာ ရှိနေပါတယ်။

ဒီဇိုင်းပုံအသေးစိတ်ကို မှတ်ချက်ပြောကြားရာမှာတော့ ဗိသုကာပညာရှင် နက်တာပက်ဖတနာ ပရုမ်ချိုင်က အိမ်ရဲ့အပြင်ဘက်မှာရှိတဲ့ကပြင်တွေက သာယာလှပပြီး စိမ်းစိုနေတဲ့တောင်ရှုခင်းရဲ့ ရင်သပ် ရှုမောဖွယ်မြင်ကွင်းကျယ်တွေကို မြင်တွေ့ခံစားရစေတဲ့နေရာတွေဖြစ်ပါတယ်လို့ ဆိုပါတယ်။ နံရံတွေမှာ ကြီးမားတဲ့အဖွင့်ပုံစံတွေက လတ်ဆတ်တဲ့လေကိုဝင်ရောက်စေပြီး လေစီးဆင်းမှုကောင်းအောင်ဖန်တီးပေး ကာ အိမ်ရဲ့ဝန်းကျင်ကအပူတွေကို လျှော့ချပေးတာကြောင့် လေအေးပေးစက်ဖွင့်စရာမလိုတော့ပါဘူး။

တစ်ချိန်တည်းမှာပဲ ခေါင်မိုးမြင်းမိုရ်ပိတ်ကနေတွဲချထားတဲ့ အမိုးကာတွေက အိမ်အပြင်ဘက်မှာ ရှိတဲ့ ကပြင်နေရာတွေကို လေဒဏ်မိုးဒဏ်ကနေ ကာကွယ်ပေးထားပါတယ်။ အိမ်အမိုးဒိုင်းတွေရဲ့ အဆုံးသတ်မှာ ပိတ်ပြီးဖုံးအုပ်ရတဲ့ သစ်သားဘုတ်ပြားတွေကိုလည်း ဗိသုကာကဖယ်ထားလိုက်ပြီး ထိုင်း စတိုင်လ်လူနေအဆောက်အအုံဗိသုကာပုံစံနဲ့ အမိုးကိုထောက်ကန်ထားတဲ့ဘောင်တွေကို ထင်ရှားအောင် ပြုလုပ်ပေးထားပါတယ်။ ခေါင်မိုးပြားတွေကိုတော့ ရှေးဟောင်းအမိုးပြားတွေပုံစံ ပြန်ပြောင်းထည့်သွင်း ပေးထားပြီး တကယ့်ဓလေ့ထုံးတမ်း လက်ရာပုံစံလိုမျိုးလှပနေစေဖို့ အထူးသုတ်ဆေးနဲ့ဖန်တီးပေးထား ပါတယ်။ မိုးယိုတာမျိုးကနေ ကာကွယ်ပေးဖို့အတွက် ကွန်ကရစ်ဘုတ်ပြားနဲ့အောက်ကနေခံပြီး တပ်ဆင် ပေးထားပါတယ်။

အိမ်ရဲ့ဘောင်တွေအများစုမှာ သစ်သားဘောင်တွေဖြစ်ပြီး ခေါင်မိုးကိုထောက်ကန်ထားတဲ့ရက်မက နေ ခြေခုံဘောင်အထိတိုင် ဘောင်ကွပ်ထားတဲ့မှန်နံရံစနစ်တွေကိုပါ ထည့်သွင်းပေးထားပါတယ်။ သပ်ရပ်ပြီး ရှင်းလင်းတဲ့အိမ်ပုံစံရဲ့လျှို့ဝှက်ချက်ကတော့ တံခါးလျှောက်လမ်းတိုင်းရဲ့ ဘေးဘက်ကတိုင်တွေနဲ့ မှန်နံရံ ဘောင်တွေက တံခါးကိုပိတ်ထားတဲ့အခါမှာရော၊ ဖွင့်ထားတဲ့အခါမှာပါ အမိုးရဲ့မြင်းမိုရ်ပိတ်အဆုံးသတ်တွေ နဲ့ တပြေးတည်းတန်းလျက်ရှိနေတာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ သာယာတဲ့မြင်ကွင်းဝန်းကျင်တွေအလယ် မှာ ရှင်းလင်းတဲ့ဒီဇိုင်းလေးနဲ့ လှပတဲ့ကျေးလက်အိမ်လေးတစ်ခု ဖြစ်လာရပါတယ်။

အိမ်ရဲ့အထူးဖွဲ့စည်းပုံကို Ta-khian သစ် (သိပ္ပံအမည်- Hopea odorata) နဲ့တည်ဆောက်ထားတာ ဖြစ်ပြီး အရှေ့တောင်အာရှရဲ့ဇာတိဖြစ်တဲ့အပင်ကြီးမျိုးဖြစ်ပါတယ်။ မြေပြင်ကနေ ၁.၈၀ မီတာအထိ မြှင့်ထားပေးတဲ့ ကြမ်းခင်းပြားကတော့ ဝန်ခံနိုင်တဲ့အောက်ခံဖြစ်တဲ့သံကူကွန်ကရစ်ဘောင်တွေပေါ်မှာ ရှိနေ တာဖြစ်ပါတယ်။ အပူပိုင်းရာသီဥတုဒေသတွေမှာ ဒီလိုခြေတိုင်ရှည်အိမ်ဒီဇိုင်းမျိုးတွေကို မြင်ရလေ့ရှိပြီး ဒီပုံစံက ကြမ်းခင်းအောက် လေဝင်လေထွက်ကောင်းစေတာကြောင့် အိမ်ကိုတစ်နှစ်ပတ်လုံးအေးမြနေစေ မယ့် အထူးနည်းလမ်းဖြစ်ပါတယ်။ ကြီးမားကျယ်ဝန်းတာက ထိုင်းရိုးရာအိမ်ပုံစံတွေရဲ့ပြီးပြည့်စုံတဲ့ဥပမာပုံစံ လည်းဖြစ်နေတာကြောင့် ကြည့်ကောင်းတဲ့အပြင် နေရထိုင်ရတာလည်း သက်သောင့်သက်သာရှိစေပါတယ်။

အဆုံးသတ်မှာတော့ အိမ်ပိုင်ရှင်က “ဒီအိမ်ရဲ့ရှင်းလင်းနည်းပါးတဲ့ပုံစံနဲ့ ပတ်ဝန်းကျင်အဖွင့်နေရာ တွေကို သဘောကျပါတယ်။ ဒါတွေက လူတွေရဲ့စိတ်ကို ထူးခြားတဲ့သက်ရောက်မှုရှိစေပါတယ်။ ကျွန်တော့် အတွက်ကတော့ ဒီအိမ်က ရှင်သန်မှုနဲ့ စိတ်အားထက်သန်မှုကိုပေးစွမ်းပါတယ်။ ကျွန်တော့်ဘဝကို ရယ်မော မှုတွေဖြည့်စွမ်းပေးပြီး စိတ်လှုပ်ရှားဖွယ်ရာစိတ်ကူးဥာဏ်သစ်တွေကို ကွန့်မြူးစေပါတယ်။ ဒီလိုပဲဖြစ်လာ တာပါ။ ကျွန်တော့်မှာ စိတ်ကူးတစ်ခုရလိုက်ပြီဆိုတာနဲ့ ဒါကတကယ့်ကိုအလားအလာရှိပြီး ကျန်တဲ့အပိုင်းက တော့လွယ်ကူသွားပါတယ်။ သီချင်းအပုဒ်ရေများစွာရဲ့ တေးစာသားတွေကို အေးချမ်းတဲ့ဒီအိမ်လေးမှာ ရေး သားခဲ့တာပါ။ ကျယ်ပြောလှတဲ့ ကျေးလက်ဒေသက ဒီအိမ်လေးက အနုပညာရှင်တစ်ဦးဖြစ်တဲ့ ကျွန်တော့် အတွက် ကြီးမားတဲ့ဆုလာဘ်ပါပဲ” လို့ ပြောသွားခဲ့ပါတယ်။
Story: Samutcha Viraporn
Photographs: Soopakorn Srisakul